All photos and other content materials posted at This Blog were found via internet search engines and other websites and the legal copyrights of those content belong to the actual owners. I have taken my effort to acknowledge the copyright owners where possible, but there might some missing out. If you feel any of your copyrighted material is seen in this blog please comment it. Thank you.. Credit to ALL CONCERNED, especially Lin San Letpanpya, Kyawsoe Soe,Myanmar Historical Archive,William Than, Ateewarloneshay Soe Wai, Kyaw Gyi etc.....

Wednesday, May 8, 2013

Aung San

ကျောင်းသားဘဝ
=========

ကျွန်တော်၏ မိခင်ဘခင်နှစ်ဦးစလုံးမှာ ဥာဏ်ကောင်းသော အမျိုး ဖြစ်လေသည်။ ကျွန်တော်၏ ဘခင်သည် ရှေ့နေ စာမေးပွဲ တွင် ဗမာတပြည်လုံး တတိယစွဲခဲ့လေသည်...။ ကျွန်တော်တို့ ညီအစ်ကိုအားလုံးလည်း ဥာဏ်ကောင်း ကြသည်။ သို့သော် ဒုတိယအစ်ကိုကြီး ကား စာသင်အထူးပျင်းလှ၍ အခြားညီအစ်ကို များကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာ မတတ်ပေ။ ကျွန်တော်၏ အစ်ကိုများ၊ ၀မ်းကွဲအစ်ကိုများ၊ ဦးလေးများ မှာ မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲများတွင် ထိပ်တန်းကျကျ အောင်မြင်ကြသူများချည်း ဖြစ်လေသည်။ ကျွန်တော်တို့၏ မိဘများသည် ပညာကိုလည်း အထူးလိုလားသည်။ ကျွန်တော်၏ အစ်ကို များကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။

ကျွန်တော်တစ်ယောက် သာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ကာထားသဖြင့် အသက်၈နှစ်ရောက်မှသာလျှင် ကျောင်းစ နေရပေသည်။ ကျွန်တော် ကျောင်းနေလာရင်း ပြောပြရဦးမည်။ ကျွန်တော်၏ အထက် အစ်ကို ကိုအောင်သန်း အား မြန်မာ ၆တန်းတွင် ရှိသည်။ ကျွန်တော်မှာ အသက် ၈နှစ်ထဲ ရောက်သော်လည်း ကျောင်း တွင် မနေရသေးချေ။ ရှင်ပြုအခမ်းအနားဖြင့် ကိုအောင်းသန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော် လည်း ရှင်လောင်းဆင်းသောအခါ ကျွန်တော်လည်း ရှင်လောင်းဖြစ်ချင်သဖြင့် မိခင်အား ပူဆာ လေသည်။ ထိုအခါ မိခင်က ရှင်လောင်းလုပ်တဲ့ သူသည် စာတတ်မှ ဖြစ်သည်ဟု ပြောပြသဖြင့် ကျောင်းနေ ပါတော့မည် ဟု ဂတိပေးကာ ထိုတွင်မှ ကျောင်းစနေ ဖြစ်လေသည်။

တန်းကျော်တက်ခဲ့ရပြန်သဖြင့် လေးနှစ်နှင့် ၁၀တန်း အောင်ငြမ်သည်။ အင်္ဂလိပ်၊ မြန်မာသတ္တမတန်း စာမေးပွဲ တွင် ဗမာတပြည်လုံး န၀မ စွဲခဲ့၍ အထက်တန်း စကောလားရှစ် ရခဲ့သည်။ ဗုဒ္ဓဘာသာကျောင်းနှင့် အမျိုးသား ကျောင်းများ တွင် ပဌမစွဲခဲ့၍ ဦးရွှေခိုဆု ကို ရရှိခဲ့ပြီးသည်နောက်၊ ရန်ကုန်တက္ကသိုလ်တွင် ၆နှစ်ခွဲမျှ နေခဲ့ သည်။ နိုင်ငံရေး စိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့ကျက်သဖြင့် (ဘီအေ) အထက်တန်း အထိအောင်ရုံသာ အောင်ခဲ့သည်။

(ဘီအေ) အထက်တန်းနှစ်တွင် ကျောင်းသား သပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်၍ အလုပ်ရှုပ်သဖြင့် (ဘီအေ) စာမေးပွဲ တစ်နှစ်မဖြေပဲ နေခဲ့ရသည်။ နောက် (ဘီအယ်လ်) အတန်းကို တက်ခဲ့သည် အတန်းလည်း မှန်မှန်မတတ် စာအုပ်လည်း မရှိ မှတ်စုလည်း မထား။ စာလည်း မကြည့် မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် (ဘီအယ်လ်) ပထမနှစ်စာမေးပွဲတွင် ကျရှုံးလေသည်။ ဤကား ကျွန်တော်တစ်သက်တွင် လိုက်စားသဖြင့် စာမေးပွဲပထမဆုံးနှင့်နောက်ဆုံး ကျရှုံး ခြင်းပင် ဖြစ်ပေသည်။

ကျရှုံးသော်လည်း ဥပဒေရာဇ၀င်ဖြစ်သော ပထမမေးခွန်းစာတွင် ကျွန်တော် ပထမရခဲ့သည်။ ဒုတိယ (ဘီအယ်လ်)နှစ်တွင် နှစ်စေ့အောင် ကျွန်တော် မနေ တော့ပေ။ ဥရောပတိုက်တွင် မြူးနစ်စာချုပ်မချုပ်ဆိုမီ စစ်ဖြစ်မတတ်အခြေအနေနှင့် ဗမာ ပြည်တွင် အဓိကရုဏ်း အခြေအနေများကို ထောက်ဆ၍ တိုင်းပြည် အတွက် ကိုယ်ထိ လက်ရောက်လုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင် ထွက်၍ သခင်ဘ၀သို့ ပြောင်းခဲ့သည်။ မြန်မာစာသင်ဘုန်းကြီးကျောင်းနေရစဉ်က ကျွန်တော် အထူးမပျော်နိုင်သည့် အချက် တချက် ရှိလေသည်။ ထိုအချက်မှာ ကစားခုန်ခြင်း၊ ကလေးဘ၀သစ်ပင်တက်၊ ရေကူးအလုပ်မျိုး ပိတ်ပင်ခြင်းပင် ဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တစ်သဘော တည်းလောက်ပင် ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင် တက်ခြင်း၊ ရေကူးခြင်း စသော ကိုယ်လက် ကျန်းမာ ကျင်လည်မှုကို လေ့လာခွင့်မရ၊ သစ်ပင် တက်သည်ကို မြင်လျှင် အဆိုအမည်ခံရသည်။

ရေကူးသည်ကိုမြင်လျှင် အရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိ ကျွန်တော်မှာ ဥာဏ်ပညာ မှ အခွင့် အလမ်း ရခဲ့ ၍ ပေါက်မြောက်ခဲ့သလောက် ကိုယ်လက်ကျန်းမာကျင်လည်ရေးတွင် အခွင့်အလမ်း မရခဲ့၍ များစွာ ချို့ယွင်းနေပေသည်။ ရေနံချောင်းအမျိုးသား ကျောင်းနေစဉ် ကလည်း အခွင့်အလမ်းမရခဲ့၊ မရခဲ့သည်မှာ အမျိုးသားကျောင်းဖြစ်သည့်အတိုင်း၊ ဆင်းရဲ သဖြင့် ကစားခုန်စား၊ လေ့ကျင့်ရာနေရာ၊ ကိရိယာ၊ တန်ဆာပလာများ မထားနိုင်၍ပင် ဖြစ်သည်။ ဗမာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီးများ၏ အချို့ အယူအဆများကို ခေတ်နှင့်လျော်အောင် ပြုပြင်သင့်ပေသည်။ သို့မဟုတ်လျှင် ဗမာပြည်နှင့် ဗမာလူမျိုး တို့ အခြေနေသည် တိုးတက်သင့်သလောက် တိုးတက်မည် မဟုတ်ချေ။

ပညာဆိုသည်မှာ စာအုပ်စာတမ်းတတ်၍ စာသိမှုကို ပညာဟု မဆိုပေ။ ပညာသည် "အတိုင်းအဆမထင်" အလွန် ကျယ်ပြော နက်နဲ လှပေသည်။ ကမ္ဘာရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက် တွင်းမှ မြေကြီးထဲသို့ ရောက်သည် အထိ ပညာသင်သားများ ဖြစ်နေကြစေသည်။ ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် လူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင် ပေ။

ပညာတတ်သူသည် လောကရှိအရာရာကို အခွင့်အလမ်းလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်း သော ဥာဏ်အားလုံး ကို၎င်း၊ မိမ်ဥာဏ်အမြင်အရစိတ်နေ စိတ်ထား ဓိတ်ဓါတ်ကို၎င်း၊ (Emotion of The Education) ပြုပြင်ပြုစုစီမံထားခဲ့သူသာလျှင် ဖြစ်သည်။ ဘီအေပင် အောင်စေကာမူ၊ ပါရဂူဘွဲ့ကြီး ပင်ရစေကာမူ၊ ပညာဆိုသော သဘာဝအဓိပ္ပါယ်ကို ကောင်းစွာ သုံးသပ် နားလည်းခြင်းမရှိခဲ့သော် တကယ် အရာမရောက် အသုံးမ၀င်ပေ။ ပညာသည် စာအုပ် များထဲ၌သာရှိသည်မဟုတ် စာအုပ်ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ဥာဏ်များကို တိုးတက်စေရမည်။ လူထု၏ ဆန္ဒအားလုပ်အားကို နူးညွှတ်စေ ရမည်။ ရာဇ၀င်သိရုံသမဟုတ်၊ ရာဇ၀င်ကို ဖန်တီးစေရမည်။ လောကဓါတ်ပညာ ကို သိရုံသာ မဟုတ်၊ လောကဓါတ်ပညာကို တိုးချဲ့နိုင်ရမည်။

ပထမပညာကို သိရုံသာမဟုတ်၊ မြေသစ်၊ ရေသစ်၊ တောတောင်တို့ကို ရှာဖွေစုံစမ်းနိုင်စွမ်းရှိစေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ်သည့် ထက်ကောင်းသောလောကကို ဖန်ဆင်း နိုင်စေရမည်။ ဤကားပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။ ပညာသည် ကာလ၊ ဒေသ၊ ပယောဂနှင့် ယှဉ်ရ မည့်ပညာတွင် သညာလည်းပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်။ ဥာဏ်ချမ်းသာ တိုးတက် ၍"သညာ" မရှိပါမူလည်း ဤမျှပိုမိုဆန်းကျယ် အပြောကျယ်လှသော ခေတ်သစ်အကြောင်းကို နားမလညနိုင်ပေ။

လောကဓါတ်ပညာကို အတတ်မသိဘဲ လောကဓါတ်ပညာဥာဏ်ကိုသုံးလျှင် လောကဓါတ်ပညာ၏ တန်ဘိုးကို ဒင်ပြည့်မသုံးနိုင်ပေ။ တိုင်းပြည်အခြေအနေ၊ ပြဿနာ၊ ခေတ်၏ အခြေအနေနှင့် မယှဥပါမူ တိုင်းပြည် ထောင်ခြင်း ခေတ်ပြင်ခြင်းမပြုနိုင်ပေ။ မွေးကတည်းက သေသည့် အထိ အယူဝါဒ အပြောင်းအလဲမရှိသူသည် ပညတ်သည်ဟု မဆိုနိုင်ပေ၊ လူတစ်ယောက်၏ သက်တမ်းတွင် အစပထမက သိမြင်လာသော စိတ်နေစိတ်ထားဝါဒတို့သည် အမှန်ချည်းမဟုတ်၊ ပြုပြင်ပြောင်းလဲရမည့်သာတည်။

ယနေ့အယူအဆနှင့် နက်ဖြန်အယူအဆတို့မှာ တူချင်မှတူပေမည်။ အမှန်ကား လူတစ်ဦး၏ တစ်ဘ၀တွင် ကျွန်ုပ်တို့သည် အယူဝါဒပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည်သမာဓိ မတည် ရှေ့နောက် မညီ ဟု ထင်မှတ်မှားလေသည်။ သမာဓိမတည်ခြင်းသည် ကိုယ်ကျင့်တရားဖောက် လွှဲ၊ ဖောက်ပြန်ဖြစ်ခြင်း ပေတည်။ ၀ါဒပြောင်းမှုမှာ ဥာဏ်အမြင်၏ပြောင်းလဲမှုကြောင့် သမာဓိမတည် ခြင်းမဟုတ်ပေ၊ တနည်း တိုးတက်ခြင်း ပေတည်း။

အမှန်အားဖြင့် သမာဓိဆိုသောစကားကို နက်နက်နဲနဲဆင်ခြင်လျှင် လောကရှိ လူအပေါင်းတို့မှာ သမာဓိလက်ကိုင်ရရှိသူ ရှိပေသည်။ သမာဓိဆိုသည်မှာ လောက၏အကောင်းအဆိုး၊ အကျိုးအဖြစ် အပျက်၊ သနစ်စုံကိုပိုင်းခြားထင်ထင်သိမြင်၍ ဆင်းရဲလည်းဝမ်းမနည်း၊ ချမ်းသာလည်း ၀မ်းမသာ၊ ပကတိစိတ်ထား ဥာဏ်အမြင်အရ လူချီးမွမ်း၊ လူကဲ့ရဲ့မှု ဘေးဒုက္ခအန္တရာယ်တို့ကို မထိတ်မလန့် တမတ်တည်း တည်ငြိမ်စွာ ရှိခြင်းကို ဆိုလေသည်။

ဘုရားအစရှိသော သူတော်ကောင်းတို့၏ စိတ်တည်နေပုံမျိုးတည်း။ သို့ဖြစ်ရာ သာမန်ကိုယ့်ကျင့်အမူအရာ ဘမ်းပြ တည်ငြိမ်မှုကို လူအပေါင်း က သမာဓိ ဟု လူများပြောစမှတ်ပြုကြလေသည်။ အမှန်စင်စစ်ကား-ထိုဘမ်းပြ တည်ငြိမ်မှု နောက်တွင် မည်မျှ အတွင်း ဖောက်လွှဲဖောက်ပြန်မှုများ တိုးပွားများပြားသည်ကို လူအပေါင်း တို့ မစဉ်းစားမိကြချေ။ ကျွန်တော်သည် ဣနြေ္ဒျကြီး၍ မျက်နှာထားအလွန်တည်သူ တယောက် ဟု အသိအမှတ်အပြုခံရလေ သည်။ ကျွန်တော်၏ကိုယ်အမူအရာ စိတ်ထားသရုပ်တို့သည် ဖောက်လွှဲ ဖောက်ပြန် သဘောကို မပြပေ။ သို့သော်အကယ်ပင် ကျွန်တော်သည်သမာဓိရှိ၏။ မည်မျှ သမာဓိ တရားကို ပိုင်ဆိုင်ပေသ နည်း။ ကျွန်တော်သာလျှင် အသိဆုံးဖြစ်ပေသည်။ ကျွန်တော်၏ အတွင်း လှုပ်ရှားမှုတို့ကို ဤစာအုပ် ကိုဖတ်ရင်းဖတ်ရင်း တွေ့မြင်ကြရပေလိမ့်မည်။

ကျွန်တော် ၏ အတွင်းလှုပ်ရှားမှုများကား သမာဓိတရား ကို လုံးဝမပိုင်ဆိုင်သေးခြင်း၏ အမှတ်လက္ခဏာ ပင်တည်း။ ယခုလည်း ကျွန်တော်သမာဓိတရားကို ပိုင်ပြီလော။ လုံးဝမပိုင်ဆိုင်သေးပေ။ ထို့ ကြောင့် လူတိုင်း ပိုင်ဆိုင်ခြင်း မရှိသေးသော သမာဓိတရားကို စကားလုပ်မဆိုကြပါနှင့်ဦး။ လူတစ်ယောက် ဥာဏ်အမြင် လှုပ်ရှား ပြောင်းလဲ မူဝါဒပြောင်းလဲမှုကို သမာဓိမတည် ဟု တံဆိပ် အရိုက် မစောသင့်ပေ။
ဥပမာ အားဖြင့် လွန်ခဲ့သော နှစ်များက အရှင်အာဒိစ္စ၀ံသဆိုသော ကိုယ်တော်အား သာသနာတော်တွင် ဘိက္ခူနီမများ ရှိသင့်သည်ဟု စာအုပ်တအုပ် ရေးသားမှုကြောင့် ၀ိုင်းပယ်ကြ၏။ သပိတ်မှောက်ကြ၏။ အမှန်ကား သူ၏ပြောင်းလဲမှုသည် မှားချင်လည်းမှားပေမည်။ သို့သော်လည်း ပုထုဇဉ်တို့၏ ဂတိ အလားဖြင့် အမှားမရှိသူ မရှိ။ အမှားသိမှ အမှန်မြင်လေသည်။ အမှားတခါလုပ်မိ လျှင် အမှားနှစ်ခါ လုပ်မိသော အခါ မှန်လာပေလိမ့်မည်။

သို့သော်လည်း မှားပင်မှားစေကာမူ၊ မိမိဥာဏ်အမြင်အလျှောက်ပြောင်းလဲမှုမှာ ရှိအပ်သည်သာ တည်၊ လှေနံဓါးထစ် ဆိုသော အလုပ်အပြောအတွေးတို့မှာပညာ၏ အဓိပ္ပါယ်ဆန့်ကျင်ဘက်ပေ တည်း။
ဗုဒ္ဓဂေါတမ သည် သဗ္ဗညူတ ရွှေဥာဏ်တော်ကို ခြောက်နှစ်တိုင်တိုင် အမှားအမျိုးမျိုးကို ကျော်ကာ ရှာဖွေ တွေ့ရှိ ခဲ့လေသည်။ ထိုဥာဏ်တော်ရှာဖွေရန် စိတ်ပိုင်းဖြတ်သောအစ၌ သိဒ္ဓတ္ထမင်းသားသည် မိမိ ဥာဏ်အမြင် အရ အနုမာနမျက်ရမ်းဆ၍ ပြောင်းလဲမှုရှိလာလေသည်။

အလှယ်လှယ်အပြောင်း ပြောင်းအသောင်းမကသော မောင်းမမိဿံချွေရံ ပရိသတ်တို့နှင့်တကွ၊ နန်းသုံး ဆောင်ဝယ် မင်းစည်းစိမ် ကို စွန့်ပယ်၍ သောင်မမြင်ကမ်းမမြင် ရသေ့၊ ရဟန်းအသွင်လျော်တေသင်္ကန်း တို့ ၀တ်ဆင်၍ "ဘိက္ခူနီသီလောတိယာစနသီလောတီ ဘိက္ခူ"ဟူသည်နှင့်အညီ၊ သူတောင်းစားဘ၀မျိုးသို့ ပြောင်းလဲမှု သည် သာမန်ပကတိ မျက်စိအားဖြင့်ကြည့်လျှင် ရူးသည်မိုက်သည်ဟု ဆိုရပေမည်။ မိမိ၏ မင်းစိတ် မင်းဝါဒကို ဆန်းကျယ်သော လောကစိတ်၊ လောက၀ါဒ အား ဤသို့ပြေင်းလွဲခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်း
မှတ်ချက်-မူရင်းသတ်ပုံအတိုင်း။

No comments:

Post a Comment